စတီးရွိုက်လိမ်းရင် ရလာမယ့်ဆိုးကျိုးများ
စတီးရွိုက်ထိလို့၊ စတီးရွိုက်ထိထားတဲ့ အသားအရေ စသဖြင့် အလှအပရေးရာ ဂရုစိုက်တဲ့လောကမှာ ပြောတတ်ကြပါတယ်။ ဒီတော့ စတီးရွိုက်ကဘာလဲ၊ ဘာတွေ ဆိုးကျိုးဖြစ်စေသလဲ သိချင်ကြမယ် ထင်ပါတယ်။
စတီးရွိုက်ဆိုတာ...
Corticosteroids လို့လည်းခေါ်တဲ့ စတီးရွိုက်ဆေးကို နာကျင်ရောင်ရမ်းတာတွေ သက်သာဖို့ အများဆုံးအသုံးပြုပါတယ်။ ပန်းနာရင်ကြပ်ရောဂါ၊ နာတာရှည်အဆုတ်လေပြွန်ကျဥ်းတဲ့ ရောဂါ၊ arthritis လို့ခေါ်တဲ့ အဆစ်အမြစ်ရောင်ရမ်းနာ၊ အင်ပြင်ထတာ၊ နှင်းခူရောဂါ၊ သွေးလေးဖက်နာရောဂါ စတဲ့ရောဂါတွေအတွက် အများဆုံးအသုံးပြုပါတယ်။
အရေပြားနဲ့ အလှအပပစ္စည်းတွေ၊ မျက်စဥ်းဆေးတွေ၊ နားသန့်ဆေးတွေမှာလည်း ထည်သွင်းအသုံးပြုတတ်သလို တရားဝင်မဟုတ်ပေမယ့် ဝဆေးတွေမှာလည်း စတီးရွိုက်တွေ ပါဝင်တတ်ပါတယ်။ ဆေးဆိုင်တွေ၊ ကွမ်းယာဆိုင်တွေမှာ ဝယ်သောက်လို့ ရတတ်တဲ့ စပ်ဆေးတွေနဲ့ မြန်မာဆေးတချို့မှာလည်း စတီးရွိုက်တွေ ပါနေတတ်ပါတယ်။
စတီးရွိုက်က သက်သာစေတဲ့ရောဂါတွေ အများကြီးရှိပေမယ့် ရေရှည်သုံးစွဲရင်၊ ဆရာဝန်မညွှန်ကြားဘဲ မကြာခဏသုံးစွဲရင် ရလာမယ့်ဆိုးကျိုးတွေကလည်း ခေါင်းအစခြေအဆုံး အများကြီးပါပဲ။
ဒီဆောင်းပါးမှာတော့ စတီးရွိုက်တွေ ရေရှည်လိမ်းလို့ ရလာမယ့် ဆိုးကျိုးတွေကို ပြောပြမှာပါ။
စတီးရွိုက်လိမ်းဆေးတွေက ရတဲ့ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ သုံးသင့်တဲ့ရောဂါမှာ သုံးသင့်တဲ့ ပမာဏကို ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးတာက ပြဿနာမရှိပါဘူး။ ဒါပေမယ့် တချို့အလှကုန်ပစ္စည်းတွေမှာ စတီးရွိုက်တွေ ပါဝင်နေတာကို မသိဘဲ ကြာရှည်သုံးမိရင်တော့ တကယ့်ပြဿနာပါ။
ဘာပြဿနာတွေလဲ ဆိုတော့
(1) ဆေးမတိုးတော့တာ
ထပ်ကာထပ်ကာ သုံးနေတဲ့အခါ ဆေးရဲ့အာနိသင်က တဖြည်းဖြည်း လျော့လာပါတယ်။ လျော့လာတဲ့အခါ ဆေးပမာဏကို ထပ်တိုးသုံးစွဲရင် သုံးသင့်တဲ့ပမာဏထက် ကျော်လွန်ပြီး သုံးမိတာမျိုး ဖြစ်တတ်ပါတယ်။ ပမာဏများလာတာနဲ့အမျှ ရင်ပူတာ၊ ကိုယ်အလေးချိန်တက်ပြီး ဖောလာတာ၊ အိပ်မပျော်တာ၊ စိတ်တိုစိတ်ဆတ်လွယ်တာ၊ ကိုယ်ခံအားကျပြီး ရောဂါပိုးဝင်လွယ်တာကနေ ကျောက်ကပ်ပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။
မျက်နှာမှာ နီရဲရောင်ရမ်းပြီး ဝက်ခြံတွေ ထွက်လာတာ
*ဒါကတော့ တော်တော်များများ သိကြတဲ့ စတီးရွိုက်ထိတယ်ဆိုတဲ့ မျက်နှာမျိုးဖြစ်ပြီး steroid rosacea လို့ခေါ်ပါတယ်။ အသားအရေက ထူထဲနီရဲနေပြီး ဝက်ခြံတွေ၊ ပြည်ဖုတွေ ဗရပွနဲ့ စိတ်ဓာတ်တွေကျရတဲ့ မျက်နှာမျိုးပါ။ တချို့ကတော့ သုံးနေတုန်းမှာဖြစ်တတ်ပြီး တချို့ကတော့ ရပ်လိုက်မှ ဖြစ်တတ်ကြပါတယ်။
(2) အရေပြားပါးလာတာ
စတီးရွိုက်တွေ ထပ်ကာထပ်ကာ လိမ်းရင်ဖြစ်လာမယ့် နောက်တစ်ခုက အရေးပြားပါးလာတာပါပဲ။ တချို့က ဒါကိုမသိဘဲ ကောင်းလိုက်တဲ့ အလှကုန်ပစ္စည်း၊ အကြောလေးတွေတောင် စိမ်းလာတယ်ဆိုပြီး ပြောတတ်ကြတယ်။ တကယ်ကတော့ စတီးရွိုက်ကြောင့် အပေါ်ယံအရေပြားအလွှာက ပါးသွားပြီး သွေးကြောတွေ မြင်လာရတာပါပဲ။ အရေပြားက ပါးလာဖြူလာပြီး တောက်ပလာသလို ခံစားရစေပါတယ်။ ကြာလာရင် အရေးအကြောင်းတွေ ဖြစ်လာပြီး အရေပြားလည်း ထိခိုက်နိုင်ပါတယ်။ စတီးရွိုက်ကို ရပ်လိုက်ရင်တော့ အရေပြားက ပုံမှန်လိုပြန်ထူလာနိုင်ပြီး ပုံမှန်ပြန်ရောက်ဖို့ နှစ်လလောက်တော့ ကြာတတ်ပါတယ်။
(3) ရောဂါပိုးဝင်တာ
စတီးရွိုက်က ကိုယ်ခံအားကို ကျစေပါတယ်။
အရေပြားယားယံ၊ နီရဲရောင်ရမ်းပြီး မှိုစွဲတာမျိုးအတွက် မှိုသတ်ဆေးမသုံးဘဲ စတီးရွိုက်လိမ်းဆေးတွေ အလွယ်တကူသုံးကြတဲ့အခါ နကိုမှိုယားနာထက် ပိုကြီးပြီး ပြည်တွေတည်တဲ့အထိ ပိုမိုဆိုရွားတဲ့ မှိုယားနာမျိုးတွေ ဖြစ်လာနိုင်ပါသေးတယ်။
(4) အကြောပြတ်တာ
တံတောင်ဆစ်ကွေးနဲ့ ပေါင်ခြံလို နေရာမျိုးတွေမှာ စတီးရွိုက်ပါတာတွေ ကြာရှည်လိမ်းရင် အကြောပြတ်ရာတွေ ဖြစ်လာနိုင်ပါတယ်။ အကြောပြတ်ရာတွေက ယားယံနိုင်သလို ပုံမှန်ပြန်ဖြစ်နိုင်တဲ့အထဲမှာ မပါပါဘူး။
(5) ရေတိမ်ဖြစ်တာ
မျက်လုံးနဲ့ အနီးတဝိုက်ကို စတီးရွိုက်လိမ်းဆေးတွေ ကြာရှည်လိမ်းတဲ့အခါ ရေတိမ်ဖြစ်နိုင်ပါတယ်။ ရေတိမ်ဟာ မျက်လုံးအတွင်း ဖိအားများပြီး ဖြစ်တဲ့ရောဂါပါ။ စတီးရွိုက်နဲ့ ရေတိမ်ဆက်စပ်မှုကို အတိအကျမရှင်းပြနိုင်သေးပေမယ့် လိမ်းလိုက်တဲ့ စတီးရွိုက်တွေကို မျက်လုံးကစုပ်ယူလိုက်ပြီး စတီးရွိုက်က ရေကိုဆွဲယူတဲ့သတ္တိရှိတဲ့အတွက် မျက်လုံးအတွင်း ဖိအားများလာတာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
ဒါကတော့ စတီးရွိုက်လိမ်းဆေးကို ကြာရှည်သုံးစွဲရင် ရလာမယ့်ဆိုးကျိုးတွေပါ။ လိမ်းတာအပြင် ကြာရှည်စွဲသောက်ရင်လည်း ရမယ့်ဆိုးကျိုးတွေက အများကြီးမို့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကြာရှည်စွဲလိမ်း၊ စွဲသောက်တာမလုပ်ကြဖို့နဲ့ အလှကုန်တွေမှာ ပါနေနိုင်တာ သတိထားကြဖို့ အကြံပေးပါရစေ။ အကယ်၍ အထက်ပါ လက္ခဏာတွေ ခံစားရရင်လည်း အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်